Sunday, October 2, 2011

ခံတွင်းနံ့ဆိုးခြင်း ကင်းဝေးရလေအောင်

သင့်ပတ်ဝန်းကျင်မှ လူတွေက သင်နဲ့စကားပြောနေရင်း မသိမသာနောက်ဆုတ်/တွန့်ဆုတ်သွားတာမျိုး ဒါမှမဟုတ် စကားပြောရပ်ပစ်လိုက်တာမျိုး မကြာခဏသင်ကြုံတွေ့နေရပါသလား။ သင်ဒီလို ကြုံတွေ့နေရပြီ ဆိုရင်တော့ ခံတွင်းနံ့ဆိုးထွက်ခြင်းရဲ့ဒဏ်ကို သင်ခံစားနေရတာ သေချာနေပါပြီ။ ခံတွင်းမှ အနံ့ဆိုး ထွက်ခြင်းရဲ့ ဒဏ်ကို နိုင်ငံပေါင်းများစွာမှ လူသန်းပေါင်းများစွာဟာ ခံစားနေရပါတယ်။ အခြားသူ တစ်ယောက်ရဲ့ ခံတွင်းကို ယုံကြည်ဖို့ဆိုတာ တစ်ခါတစ်ရံမှာ ခက်ခဲလှပါတယ်။

ဒါကြောင့် သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ သို့မဟုတ် မိသားစုကို မေးပါ။ သင့်ရဲ့ ခံတွင်းနံ့ အခြေအနေကို ရိုးသားစွာ ဖြေဖို့ ပြောပါ။ ရိုးရှင်းတဲ့ ခံတွင်းစစ်ဆေးခြင်း နည်းလမ်းကတော့ သင့်ရဲ့လျှာ အနောက်က သွားရည်ကို နည်းနည်းထုတ်လိုက်ပြီး ခဏအကြာမှာ နမ်းကြည့်လိုက်ပါ။ အနံ့ဆိုးကို ရတယ် ဆိုရင်တော့ သင်စကားပြောတိုင်း ခံတွင်းအနံ့ဆိုးထွက်တာ သေချာသွားပါပြီ။

ခံတွင်းနံ့ဆိုးထွက်ခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲဆိုတာကကို မပြောခင် ဘာကြောင့် ခံတွင်းအနံ့ဆိုးထွက်ရလဲဆိုတာကို အရင်ဆုံး သိထား သင့်ပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီစားခြင်းက သင့်ခံတွင်းမှ အနံ့ဆိုးကို ထွက်စေပါတယ်။ ဒါ့အပြင် ကွမ်းစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကလည်း ခံတွင်းနံ့ဆိုးစေတဲ့အကြောင်းအချက်တွေပါပဲ။

အကယ်၍ သင်ဟာ သင့်ခံတွင်းကို ပုံမှန်သန့်ရှင်းအောင် မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲရှိ ပိုးမွှားတွေ အဆိပ်အတောက်တွေကို ထုတ်လွှတ်တာကြောင့် သွားရည်ဟာ အနံ့ဆိုးထွက်လာပါတယ်။ ထိန်းချုပ်လို့မရတဲ့ ဆီးချိုရောဂါ၊ လေလမ်းကြောင်း ပြဿနာတွေနဲ့ အစာအိမ်မကောင်းတာတွေကြောင့်လည်း ခံတွင်းနံ့ကို ဆိုးစေပါတယ်။ သွားဖုံးရောဂါနဲ့ သွားမှာ အပေါက်ဖြစ်နေတာတွေကလည်း အကြောင်းရင်းတစ်ခုပါပဲ။

နေ့စဉ်နေ့တိုင်း မနက်စာ မစားမီနဲ့ ညစာစားပြီးတဲ့အချိန်တိုင်း သွားတိုက်ဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်လျှင် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သင့်သွားကြားတွေကို သွားကြားထိုးကြိုးနဲ့ အညစ်အကြေးများ ကပ်မနေစေဖို့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေများများသောက်ခြင်းနဲ့ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးခြင်းကလည်း သင့်ပါးစပ်ထဲမှ ပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။ ပိုးမွှားတွေကို သတ်နိုင်ဖို့အတွက် ခံတွင်းသန့်ဆေး သုံးပါ။ သင့်လျှာပေါ်မှာ ချွဲ၊ သလိပ်၊ ပိုးမွှားတွေနဲ့ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးနိုင်ဖို့အတွက် လျှာကို ပွတ်တိုက်နိုင်တဲ့ လျှာခြစ်တံကိုသုံးပြီး သန့်ရှင်းရေးလုပ်ပါ။

သင်ဟာရေများများ သောက်တတ်တဲ့အကျင့်မရှိဘူးဆိုရင် သင့်ရဲ့သွားရည်ထုတ်လွှတ်မှုမှာ သက်ရောက်မှု ရှိပါလိမ့်မယ်။ Xylitol အခြေခံပီကေမျိုးကို စားပါက ပါးစပ်အတွင်း သွားရည်ထွက်မှုကို ကောင်းစေပြီး ပိုးမွှားများကိုလည်း ပါးစပ်အတွင်းမှ ဖယ်ရှားပေးနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန်အားလုံးကို လိုက်နာပြီးရင်တောင်မှ သင့်ပါးစပ်က အနံ့ဆိုးထွက်နေသေးတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားတွေ့ပြီး အခြားခံတွင်းရောဂါ သို့မဟုတ် ခံတွင်းရောဂါ ဖြစ်လာနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းသင့်ပါတယ်။ သင့်ရဲ့ ခံတွင်းအနံ့ဆိုး ရှိ၊ မရှိကို အခုပဲ စစ်ဆေးလိုက်ပါ။

Ref : Good Health

သင့်နှလုံးကို ကြင်နာဖို့ ဘယ်တော့မှ နောက်မကျပါ

တစ်သက်လုံး အကျင့်ဆိုးတွေနဲ့နေလာပြီးမှ အခုမှ အကျင့်ကောင်းတွေ ပြောင်းလို့ ဘာမှမထူးပါဘူးလို့ မထင်လိုက်ပါနဲ့။ သင့်အသက်ဘယ်လောက်ဖြစ်ဖြစ် ခုချိန်မှ စပြီး ကျန်းမာရေးအတွက် အမူအကျင့်ကောင်းတွေ ပြောင်းလဲပြုပြင်နိုင်ရင် သင့်နှလုံးကို ကာကွယ်နိုင်ပါတယ်။ သင့်နှလုံးဟာ ထိခိုက်စဖြစ်နေ ရင်တောင် ပြန်လည်ပြုပြင်နိုင်ပါတယ်လို့ Harvard Medical School မှ Dr.Harvey က ပြောပါတယ်။

ဘဝနေထိုင်မှုပုံစံကို အဓိကပြောင်းလဲသင့်သည့် အချက်လေးချက်

အောက်ပါအတိုင်း ဘဝနေထိုင်မှုပုံစံပြောင်းလဲတာကြောင့် နှလုံးရောဂါကာကွယ်ရေးမှာ သိသိသာသာ ကောင်းမွန်လာနိုင်ပါတယ်။

၁။ ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာဟာ နှလုံးသွေးကြောရောဂါအတွက် ဖြစ်နိုင်ခြေအများဆုံးအချက်ပါ။ ဆေးလိပ်သောက်တာကြောင့် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၂၅၀ ရာခိုင်နှုန်း ပိုမြင့်မားလာပါတယ်။

သင်ဟာ နှစ်ပေါင်းများစွာ ဆေးလိပ်သောက်နေသူဖြစ်ရင်တောင် ဆေးလိပ်ဖြတ်တာကြောင့် သင့်ကျန်းမာရေးပိုကောင်းမွန်လာနိုင်ပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးဖိအား ပုံမှန်အနေအထားပြန်ရောက်သွားပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေဟာလည်း ပြန်လည်ကျဆင်းသွားပြီး အချိန်ကြာလာတာနဲ့အမျှ ဆေးလိပ် မသောက်သူတွေအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။

၂။ သွေးတွင်းကိုယ်လက်စထရောအဆင့် လျှော့ချပါ

သွေးတွင်းကိုယ်လက်စထရောအဆင့်ကို လျှော့ချနိုင်တဲ့ အကောင်းဆုံးနည်းလမ်းဟာ အစားအသောက်ဆင်ခြင်ဖို့ပါ။ အစားအစာမှာ ပါဝင်တဲ့ ကိုလက်စထရော တစ်မျိုးတည်းကသာ သွေးတွင်းကိုယ်လက်စထရောအဆင့်ကို မြင့်တက်စေတာ မဟုတ်ပါဘူး။ ပြည့်ဝဆီတွေဟာလည်း ခန္ဓာကိုယ် အတွက် အန္တရာယ်ရှိတဲ့ ကိုလက်စထရော ထုတ်လုပ်ဖို့ နှိုးဆွနိုင်ပါတယ်။

ကိုလက်စထရော လျှော့ချနိုင်သော အစားအစာ

ကြက်ဥ၊ အသား၊ ဒိန်ခဲနဲ့ မလိုင်အပြည့်ပါတဲ့ နွားနို့တွေကို ရှောင်ပါ။ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးနဲ့ ကောက်နှံတစ်ခုလုံးအစားအစာတွေ ပိုစားပါ။ ဟင်းချက်ရာမှာ ထောပတ် ဒါမှမဟုတ် မာဂျရင်းကို အသုံးပြုမယ့်အစား သံလွင်ဆီကို အသုံးပြုပါ။ မကောင်းတဲ့ ကိုလက်စထရောအဆင့် လျော့သွား နိုင်ပါတယ်။

၃။ လေ့ကျင့်ခန်းပြုလုပ်ပါ

လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် နှလုံးကြွက်သား သန်မာစေတာ၊ သွေးလှည့်ပတ်မှု ကောင်းစေတာ၊ ကောင်းတဲ့ ကိုလက်စထရော (HDL) ကို မြင့်တက် စေပြီး မကောင်းတဲ့ ကိုလက်စထရော (LDL) အဆင့်ကို လျော့နည်းစေတာ၊ သွေးကြောတွင်း ဖိစီးမှုနည်းစေတာနဲ့ သွေးခဲမှုမဖြစ်အောင် ကာကွယ်တာတွေနဲ့ နှလုံးသွေးကြောစနစ်အပေါ် အကျိုးရှိစေပါတယ်။

နှလုံးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းဟာ အေရိုးဗစ်လေ့ကျင့်ခန်းပါ။ အေရိုးဗစ်လေ့ကျင့်ခန်းဆိုတာဟာ ကြွက်သားအုပ်စုကြီးတွေကို အချိန်ကြာကြာ အသုံးပြုရတဲ့လေ့ကျင့်ခန်းလိုမျိုးပါ။ ဥပမာ - စက်ဘီးစီးတာ၊ ရေကူးတာ၊ လမ်းမြန်မြန်လျှောက်တာ၊ ပြေးတာ၊ လှေကားတက်တာ၊ လှေလှော်တာနဲ့ ကြက်တောင်ရိုက်တာတွေပါ။

လေ့ကျင့်ခန်းပမာဏ ဘယ်လောက်လုပ်လုပ် သင့်အတွက် အသုံးဝင်ပါတယ်။ တစ်ပတ်ကို တစ်နာရီပဲ လေ့ကျင့်ခန်းလုပ်ရင်တောင် နှလုံးအတွက် အကျိုး ရှိပါတယ်။ ဒါပေမယ့် တစ်ပတ်ကို အနည်းဆုံး ၃ နာရီ- ၄နာရီ လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အသက်ရှုရခက်ခဲလာတဲ့အထိတော့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။

၎။ သွေးဖိအား လျှော့ချပါ

အသက် ၆၀ ကျော်သူ ထက်ဝက်ကျော်မှာ သွေးတိုးရောဂါလို့ခေါ်တဲ့ သွေးဖိအားမြင့်တက်နေတတ်ပါတယ်။ သွေးဖိအားမြင့်တက်တာကြောင့် နှလုံးကြွက်သားတွေ ဒဏ်ပိကာ သွေးလွှတ်ကြောနံရံတွေ ပျက်စီးစေနိုင်တာကြောင့် သွေးတိုးရောဂါရှိသူတွေဟာ သာမန်သူတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ နှစ်ဆပိုမြင့်မားပါတယ်။

သွေးဖိအားပုံမှန်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ သင်စားတဲ့ အစားအသောက်ထဲမှာ မှန်ကန်တဲ့ သတ္တုဓာတ်တွေ ပါဝင်ဖို့ လိုအပ်ပါတယ်။

အငန်ဓာတ် (ဆိုဒီယမ်) လျှော့စားပါ

တစ်နေ့ကို ဆိုဒီယမ် ၁၅၀၀ မီလီဂရမ်ထက် လျော့နည်းပြီးစားပါ။ အိမ်သုံးဆား၊ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်၊ အချိုမှုန့်၊ မုန့်ပွဆော်ဒါ၊ ပဲငံပြာရည် အစရှိတာ တွေမှာ ဆိုဒီယမ် ပါဝင်ပါတယ်။ အဆင်သင့်စားလို့ရတဲ့ အစာနဲ့ အဆာပြေအစာတွေမှာလည်း ဆိုဒီယမ်များစွာ ပါဝင်တတ်ပါတယ်။

ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် ပိုစားပါ

ငှက်ပျောသီး၊ လိမ္မော်သီး၊ သခွားမသီး၊ ပန်းသီး၊ အာလူး၊ စပျစ်သီးခြောက်၊ အစိမ်းရောင် ပန်းဂေါ်ဖီအစရှိတဲ့ လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက် အများစုမှာ ပိုတက်စီယမ် ပါဝင်ပါတယ်။ ကယ်လ်စီယမ်များစွာပါဝင်တဲ့ အစာတွေအဖြစ် အဆီထုတ်ထားတဲ့ နို့၊ ဟင်းနုနွယ်၊ ငါး၊ တိုဟူးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီများ စားသုံးနိုင်ပါတယ်။

မြန်မာသတင်းရပ်ဝန်း

လေချဉ်တက်ခြင်း ကင်းဝေးစေရန်

တချို့လူတွေဟာ လူကြားထဲမှာ “အေ့…အေ့”ဆိုပြီး လေချဉ်တက်လေ့ရှိပါတယ်။ လေချဉ်တက်လိုက်မှ လေပွလေထခြင်းနဲ့ ဗိုက်အောင့်ခြင်း သက်သာသွား တတ်တာကြောင့် နေသာထိုင်သာ ရှိအောင် ပြုလုပ်ကြတာပါ။

လေချဉ်တက်ရတာဟာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် သူတို့ဟာ သူများထက် လေအများကြီးရှိတယ်လို့ တချို့က ယုံကြည်နေကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ လေတွေ ရှိတတ်ပေမယ့် တစ်ခါတစ်ရံမှာ လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။

ဒါဟာ နေ့စဉ်စားသောက်နေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့အတွက် လေချဉ်တက်ခြင်း ကင်းဝေးစေဖို့ သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။

၁။ လေထစေသော အစားအသောက်ကို လျှော့စားပါ

လေထစေတဲ့အစားအသောက်တွေက ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ရေကညွတ်တို့လို ဟင်းသီးဟင်းရွက်တွေ၊ သစ်တော်သီး၊ ပန်းသီးတို့လို အသီးအနှံတွေ၊ ဖွဲနုနဲ့ ဂျုံတို့လို ကောက်နှံတွေ၊ အချိုရည်တွေ၊ ဒိန်ချဉ်နဲ့ ရေခဲမုန့်တို့လို နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ကွေကာစတဲ့ လက်တို့စ်သကြားပါတဲ့ အဆင်သင့်မုန့်တွေနဲ့ သကြားမပါတဲ့ ချိုချဉ်တွေပဲ ဖြစ်ပါတယ်။

ဒီအစားအသောက်အများစုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေတဲ့အတွက် “တန်ဆေး၊လွန်ဘေး” ဆိုသလို အသင့်အတင့်သာ စားဖို့ အကြံပြုချင်ပါတယ်။

၂။ ရိုးရိုးရေ၊ စွပ်ပြုတ်နှင့် အမြှုပ်မထသော အရည်သာသောက်ပါ

ဆော်ဒါ၊ ဘီယာတို့လို လေထစေတဲ့ အရည်တွေကို တတ်နိုင်သမျှ ရှောင်ပါ။

၃။ မျိုချသော လေပမာဏကို လျှော့ချပါ

ကျွန်မတို့ဟာ နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို မသိမသာမျိုချမိနေတတ်ကြပါတယ်။ လေမျိုချနိုင်မှုကနေ ကာကွယ်နိုင်အောင် -

• အစာကို ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပါ။ ဒါဟာ အစာစားရင်း လေမျိုချနိုင်တဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။

• မာတဲ့သကြားလုံးတွေကိုမစားပါနဲ့။ ဆေးလိပ်မသောက်သင့်ပါ။

• သင်ဟာ သွားတုတပ်ထားရင် သွားတုတွေမြဲနေအောင် သွားဆရာဝန်နဲ့ တွေ့ဆုံပါ။

၎။ အစားအသောက် ဒိုင်ယာရီထားရှိပါ

သင်နေ့စဉ်စားတဲ့ အစားအသောက်ကို ရေးမှတ်ထားရင် သင့်ကို အများဆုံးလေထစေတဲ့ အစားအသောက်ကို သိလာရမှာပါ။ အဲဒီအစားအသောက်ကို ရှောင်ကြဉ်လိုက်တာနဲ့ လူကြားထဲမှာ လေချဉ်တက်ရတဲ့ အန္တရာယ် ကင်းဝေးသွားပါလိမ့်မယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပြီးတာတောင် လေထပြီး လေချဉ်တက်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ခံစားနေရတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Tip!

• လူတိုင်းရဲ့ အစာခြေစနစ်မှာ လေ (Gas) ရှိပါတယ်။

• နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို အမှတ်မဲ့ မျိုချမိနေနိုင်သလို လေကို မသိမသာ ထုတ်ပစ်တတ်တာမျိုးလည်း ရှိပါတယ်။

• လေပမာဏ လျော့ကျအောင် လေထစေတဲ့ အစားအသောက်ရှောင်ခြင်းနဲ့ လေကို မျိုချတဲ့ ပမာဏ လျှော့ချခြင်းဆိုတဲ့ အချက်နှစ်ချက်ကို လိုက်နာသင့်ပါတယ်။

Ref : Good Health

သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ်

သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။

၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ

ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။

ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ

ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။

လုပ်သင့်တာက

လူအများစုဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၁ဝဝဝ အိုင်ယူ ရရှိသင့် ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါး တို့ကို စားပေးသင့် ပါတယ်။ ဒါ့အပြင် နံနက် ၁ဝနာရီ မတိုင်ခင် နဲ့ ညနေ သုံးနာရီ ကျော်ချိန် တွေမှာ ထွက်တဲ့ နေခြည်နုနုကို ခံယူပေးပါ။

၂) ပေါင်းသင်း ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ

ဘရိုင်ဟမ် လူငယ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ် အရ ခိုင်မာတဲ့ ပေါင်းသင်း ဆက်ဆံရေး ရှိတာက ပုံမှန် သက်တမ်းထက် အသက် ၃ ဒသမ ၇ နှစ်ခန့် ပိုနေရ စေတယ် လို့ သိရပါတယ်။

ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ

ပေါင်းသင်း ဆက်ဆံရေးရဲ့ ထောက်ပံ့မှု အင်အားကြောင့် ခုခံအား စနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပိုကောင်း စေတာ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။ ထိုက်တန်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖြစ်အောင် သူငယ်ချင်းကောင်းတွေကို ရွေးချယ် ပေါင်းသင့် ပါတယ်။

လုပ်သင့်တာက

သင်ရဲ့ ပေါင်းသင်း ဆက်ဆံရေး စက်ဝန်းကို ချဲ့ထွင်ပါ။ သူငယ်ချင်းတွေကို ဖုန်းခေါ်တာ၊ အီးမေး ပို့တာတွေ လုပ်ပါ။

၃) သွားပုံမှန် တိုက်ပါ

တစ်နေ့မှာ နှစ်ကြိမ်ထက် နည်းပြီး သွားတိုက်တဲ့ သူတွေက တစ်နေ့မှာ သုံးကြိမ် သွားတိုက်သူတွေ ထက် နှလုံးရောဂါနဲ့ ဆေးရုံ တက်ရနိုင်ခြေ ဒါမှမဟုတ် သေဆုံးနိုင်ခြေ ၇ဝ ရာခိုင်နှုန်း ပိုများတယ်လို့ လန်ဒန် ကောလိပ်ရဲ့ လေ့လာမှု အရ သိရပါတယ်။

ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ

ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေက သွေးကြောထဲကို ဝင်သွားနိုင်ပြီး သွေးကြောတွေ ထဲမှာ သွေးခဲ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။

လုပ်သင့်တာက

ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေ ကင်းစေဖို့ သွားကို နံနက်စာ စားပြီး တစ်ကြိမ်နဲ့ ညအိပ်ရာ ဝင်ခါနီး တစ်ကြိမ် မှန်မှန် တိုက်ပေးပါ။ သွားကြား ပွတ်ကြိုး ထိုးပေးပါ။

၎) သန့်ရှင်း လတ်ဆတ်သော လေကို ရှူသွင်းပါ

လေကောင်းလေသန့် ရတဲ့ နေရာတွေမှာ နေတဲ့ သူတွေက တခြားသူတွေထက် အသက် တစ်နှစ် ပိုရှည်ရှည် နေရလေ့ ရှိတယ်လို့ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။

ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ

ညစ်ပတ်တဲ့ လေတွေက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဖုန်မှုန့်မွှား သေးသေးလေးတွေကို သယ်ဆောင် လာပါတယ်။ ဒါကြောင့် ညစ်ပတ်တဲ့ လေကို ရှူရှိုက်ရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်ရတာပါ။

လုပ်သင့်တာက

ယာဉ်ကြော ပိတ်ဆို့တဲ့ နေရာမှာ မနေပါနဲ့။ လေ့ကျင့်ခန်း လုပ်တဲ့ အခါ လေထု ညစ်ညမ်းမှု များတဲ့ နေရာတွေမှာ မလုပ်သင့်ပါ။ လေကောင်း လေသန့် ရတဲ့ နေရာတွေမှာ အသက်ပြင်းပြင်း ရှူတာက အဆုတ် ကျန်းမာရေး ကောင်းစေ ပါတယ်။

၅) သင့် အသက်ကို လက်ခံပါ

ကိုယ်ရဲ့ လက်ရှိ အသက်ကို လက်ခံပြီး ဆင်ခြင် နေထိုင်တဲ့ သူတွေက လက်ရှိ အသက်ကို လက်မခံသူတွေထက် ပျမ်းမျှအားဖြင့် အသက် နှစ်နှစ် ပိုရှည်ကြောင်း ဘာလင်စိတ် ပညာရှင်တွေရဲ့ လေ့လာမှု အရ သိရပါတယ်။

ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ

ကိုယ့် အသက်အရွယ်ကို လက်ခံတဲ့ သူတွေက ကိုယ့် အသက်အရွယ်နဲ့ သင့်တော်တဲ့ အနေအထိုင်၊ အပြုအမူနဲ့ အစားအသောက်တွေကို လိုက်နာ နေထိုင် ကြတာကြောင့် ကျန်းမာရေး ကောင်းကြတာ ဖြစ်တယ်လို့ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။

လုပ်သင့်တာက

အသက်ကြီးလာတဲ့ အခါ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေနဲ့ နှိုင်းယှဉ် မနေပါနဲ့။ ပိုပြီး စိတ်ဓာတ် ကျရ ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ငယ်တယ်လို့ အတင်း သတ်မှတ်ပြီး ငယ်တဲ့ အရွယ်တွေ လုပ်တဲ့ အလုပ်တွေကို လိုက်လုပ်ဖို့ မသင့်ပါဘူး။

အကောင်းဆုံးလူသားဖြစ်ဖို့ အကြံပေးချက်

1.နေ့စဉ်10မိနစ်မှ မိနစ်30အထိလမ်းလျှောက်ပါ၊ လမ်းလျှောက်နေစဉ်အတွင်း သင့်မျက်နှာကို အတတ်နိုင်ဆုံးပြုံးထားပါ။
2.နေ့စဉ်အနည်းဆုံး10မိနစ်ခန့် ဘာကိုမှမတွေးပဲ ငြိမ်သက်စွာနေပါ။ မနက်အိပ်ယာထပြီဆိုတာနဲ့ ပုံမှန်လုပ်နိုင်ပါတယ်။
3. ဘယ်လောက်ပင်ပန်းအလုပ်ရှုပ်နေပါစေ ရရင်ရသလို နေ့စဉ်7နာရီပြည့်အောင်အိပ်ပါ။
4. Eသုံးလုံးနဲ့အညီနေပါ။ 1Energy 2Enthusiasm 3Empathy
5. Gameတွေ ကစားပေးပါ။
6. မနေ့ကထက် ဒီနေ့စာများများပိုဖတ်ပါ။
7. တရားထိုင်းခြင်း၊ယောဂကျင့်ခြင်းစတာတွေအတွက် နေ့စဉ်အချိန်ပေးလုပ်ဆောင်ပါ။
8.သင့်ရဲ့အချိန်တွေထဲက အနည်းဆုံးမိနစ်30ခန့်ကို အသက်70အရွယ်တွေနဲ့အသက်6နှစ်အောက်ကလေးငယ်များနဲ့ အချိန်ဖြုန်းနေပါ။
9. နိုးနေတာထက် အိမ်မက်(စိတ်ကူး)များများမက်(ယဉ်)ပါ။
10. အသားများများစားတာထက် အသီးအရွက်များများစားပါ။
11. ရေးများများသောက်ပါ။
12. တစ်နေ့မှာအနည်းဆုံးလူ3ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးဖြစ်အောင်ပြုံးပြပါ။
13. အတင်းပြောခြင်းနဲ့ အချိန်တွေမဖြုန်းမိပါစေနဲ့။
14. အတိတ်ကအမှားတွေကို ပြန်အစမဖော်ပါနဲ့။ လက်ရှိအနေအထားကစလို့ ပျော်အောင်နေပစ်ပါ။
15.သင်မလုပ်နိုင်ပဲနဲ့ အဆိုးဘက်ကမမြင်ပါနဲ့။ အကောင်းဘက်မှသင်ကိုယ်တိုင်ဝင်ခံစားပေးပါ။
16.ဘ၀ဆိုတာသင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ကျောင်းတစ်ခုဆိုတာ သိပါ။ ပြဿနာဆိုတာ သင်ရိုးညွှန်းတမ်းထဲကပြဌာန်းချက်အပိုင်း
အစတစ်ခုဖြစ်လို့ ကျောင်းမှန်မှန်တက်ပြီးဘ၀နောက်ဆုံးအချိန်ထိ လေ့လာသင်ယူရင်း အလွယ်လေးကျော်ဖြတ်သွားပါ။
17. မနက်မှာဘုရင်လိုစား၊ နေ့လည်မှာမင်းသားလေးလိုစား၊ ညမှာသူဖုန်းစားလိုစားပါ။ (ညစာလျှော့စား၊ စောနိုင်သမျှ စောစောစား)
ု18. လုပ်ငန်းခွင်ထဲမှာ များများရယ်ပြီး များများပြုံးပါ။
19.ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ အမုန်းတရားတွေနဲ့ အချိန်မဖြုန်းပါနဲ့၊ မုန်းနေတာတွေရှိရင် ဆန့်ကျင်ဘက်လုပ်ကြည့်ပါ။
20.အလုပ်တွေလုပ်တဲ့အခါ အသည်းအသန်အပူတပြင်း မလုပ်ပါနဲ့။ ခေါင်းအေးအေးထားပြီး အမှားကင်းအောင်လုပ်ပါ။
21.အငြင်းအခုန်ကိစ္စတွေအတွက် တန်ဖိုးရှိတဲ့သင့်လေတွေကို မဖြုန်းပါနဲ့။ နားလည်မှု အတတ်နိုင်ဆုံး ပေးလိုက်ပါ။
22. အတိတ်ကကိစ္စရပ်တွေအတွက် ငြိမ်းချမ်းရေးယူကြည့်ပါ။ လက်ရှိအခြေအနေအတွက် အထောက်အကူရလာပါလိမ့်မယ်။
23. သင့်ဘ၀ကို အခြားတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့။
24. သင့်ဘ၀ကို ပျော်ရွှင်အောင်လုပ်နိုင်တာ သင်အပြင်တခြားလူ မရှိဘူးဆိုတာသိပါ။
25. အရာရာတိုင်းအတွက် လူတိုင်းကို ခွင့်လွှတ်တတ်တဲ့စိတ်နဲ့ မြငကြည့်ပါ။
26. အခြားသူတွေ သင့်ကို ဘယ်လိုထင်မြင်နေပါစေ မဟုတ်ရင် သင်ခံစားမနေပါနဲ့။
27. ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လိုအပ်တဲ့အချိန်တစ်ခုကို စောင့်ကြည့်ပါ။
28.သင်နေမကောင်းဖြစ်နေလျှင် သင့်သူငယ်ချင်း(သို့) တစ်စုံတစ်ဦးက သင့်တာဝန်တွေကိုလုပ်ဆောင်ပါလိမ့်မယ်။ (ကိုယ်ကျန်းမာမှ စိတ်ကျန်းမာမည်)
29. အသုံးမ၀င်တော့တဲ့အရာတွေကို အမြန်ဖယ်ရှားပါ။ လှလှပပနဲ့ ပျော်ရွှင်အောင်နေပါ။
30.မနာလိုဝန်တိုခြင်းဆိုတာ အချိန်ဖြုန်းနေတဲ့နည်းတစ်ခုပါ။ အမှန်တော့အရာအားလုံးကို သင်ပိုင်ဆိုင်ထားပြီးပြီဆိုတာကို သတိရပါ။
31. မကြာမီ အကောင်းဆုံးတွေ သင့်ထံရောက်လာတော့မယ်ဆိုတာ သိပါ။
32.ခံစားမှုတွေများလို့ မပြိုလဲသွားပါနဲ့။ အမြန်ထအမြန်ပြင်ဆင်ပြီး လန်းဆန်းတက်ကြွစွာ နေပြပါ။
33. သင်မှန်တယ်ထင်တာတွေကို တွေးပြီးလုပ်ပါ။
34. မကြာခဏ မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး စကားပြောပါ။
35. သင့်ရဲ့အတွင်းစိတ်ကို အမြဲပျော်ရွှင်အောင်ထားပါ။
36. နေ့စဉ် တစ်စုံတစ်ယောက်ဆီကို ပုံမှန်လက်ဆောင်ပေးပါ။ (ငွေ၊အရာဝတ္တု၊စကား)
37. အလုပ်ထဲ အတိုင်းအတာတစ်ခုအထိပဲ အနစ်မွန်းခံပါ။
38. သင်သိသမျှ ပတ်ဝန်းကျင်ကို မျှဝေပါ။