ကြာဆူးဆိုတာ ??
ကြာဆူးက ၀က်ခြံမဟုတ်တဲ့ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာနိုင်တဲ့.... ပြီးတော့...အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုပဲနော်။ အရေပြားက Keratin လို့ခေါ်တဲ့ ပရိုတိန်းလေးတွေက မွေးညှင်းပေါက်လေးတွေထဲမှာ မာမာခဲခဲလေးဖြစ်နေပြီး အရေပြားမှာ ၀က်ခြံလိုအဖုလေးတွေ ဖြစ်လာတော့တာပဲ။ အန္တရာယ်လည်း မရှိဘူး။ သူ့အလိုလိုတောင် ပျောက်သွားတတ်သေးတယ်နော်။ ကူးလည်း မကူးနိုင်ပါဘူး။
ကြာဆူး ဘာကြောင့်ဖြစ် ??
ဒီအဖုလေးတွေဟာ မွေးရာပါလည်း ဖြစ်နိုင်ပါတယ်။ မျိုးရိုးလိုက်တတ်တာပေါ့။ ဆယ်ကျော်သက်တွေမှာ အဖြစ်များပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေ၊ နှင်းခူဖြစ်တတ်တဲ့သူတွေ Allergy ဖြစ်တတ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆောင်းရာသီမှာ ပိုဆိုးလာတတ်တယ်နော်။ ခုအဖြစ်များတာက ဗီတာမင်အေ ချို့တဲ့လို့ပါ။ ဗီတာမင် ဘီအုပ်စု၊ ဗီတာမင်အီးနဲ့ ဗီတာမင်စီတွေ ချို့တဲ့ရင်လည်း ဖြစ်နိုင်သလို ဖြစ်နေတာတွေလည်း ပိုဆိုးနိုင်တယ်လေ။
ကြာဆူးဆိုတာ ဘယ်လိုလဲ ??
အဖုလေးတွေဟာ လက်မောင်းနောက်ဘက်တွေမှာ အဖြစ်များတယ်။ ကြမ်းကြမ်းလေး ဖြစ်နေတတ်တယ်။ ပြီးတော့ တင်ပါးနဲ့ ပေါင်တွေမှာလည်း ဖြစ်တတ်သေးတယ်လေ။ တကိုယ်လုံးမှာ ဖြစ်နိုင်ပါတယ်။ မျက်နှာမှာ ဖြစ်ရင်တော့ ၀က်ခြံနဲ့ မှားတတ်တဲ့ အဖုလေးတွေပေါ့။ အဖုလေးတွေက သေးသေးလေးတွေ၊ အသားရောင်ပဲဖြစ်တာများတယ်။ အဖြူရောင်၊ ပန်းရောင်လေးတွေလည်း ဖြစ်တတ်သေးတယ်နော်။
ကြာဆူးကို ဘယ်လိုကုသရမလဲ ??
ဒီအဖုလေးတွေ ပေါ်လာရင် မျက်နှာသစ်ဆေး၊ ကိုယ်တိုက်ဆပ်ပြာတွေကို အပျော့စားလေးတွေပဲ သုံးပါ။ ရေနွေးနဲ့ မျက်နှာသစ်ခြင်း ရေချိုးခြင်းတွေကို ရှောင်ရမယ်နော်။ မျက်နှာသစ်ရင်လည်း ရေများများသုံးပြီး သစ်ပေးပါ။ ရေချိုးပြီးတဲ့အခါနဲ့ မျက်နှာသစ်ပြီးတဲ့အခါ အမွေးနုတဘက်လေးနဲ့ ညင်ညင်သာသာလေး သုတ်ပေးပါ။အစိုဓာတ်ဖြည့်လိမ်းဆေး ( Moisturizing lotion)ကောင်းကောင်း တွေကိုလည်း တနေ့ကို ၂ ကြိမ် မှန်မှန်လိမ်းပေးရပါမယ်။ Salicylic acid, Lactic acid ပါတဲ့ ခရမ်တွေ လိုးရှင်းတွေက ပိုထိရောက်ပါတယ်။ AHA, Retin A, Steroid လိမ်းဆေးတွေလိမ်းရင်လည်း သက်သာပါတယ်။ ဒါပေမယ့် လိမ်းရမယ့် ပမာဏ၊ မလိမ်းသင့်တဲ့ အခြေအနေတွေလည်း ရှိတာမို့ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ တိုင်ပင်တာ အကောင်းဆုံးပါပဲ။ Microdermabrasion, Chemical peels, Laser နည်းတွေနဲ့လည်း ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဘာမှမလုပ်ချင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းပျောက်သွားနိုင်တယ်လေ။
ဒီအဖုလေးတွေဟာ ဗီတာမင်တွေချို့တဲ့လို့လည်း ဖြစ်နိုင်တာကြောင့် ဗီတာမင် အေ၊ ဗီတာမင်ဘီအုပ်စု၊ ဗီတာမင်အီး၊ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာလေးတွေကိုလည်း များများစားပေးဖို့ လိုတယ်နော်။ ဘယ်အစားအစာမှာ ဘယ်ဗီတာမင်တွေပါလည်းဆိုတာကို သဘာဝရဲ့ အာဟာရ မှာ ဖတ်ကြည့်နော်။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲကျန်းမာလှပနေပါစေရှင်။
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)