Thursday, April 5, 2012

အသည်းရောင် အသားဝါဘီရောဂါ ကာကွယ်ဆေး

အသည်းရောင် အသားဝါဘီရောဂါ ကာကွယ်ဆေး
ဖေဖေကအသည်းခြောက်နဲ့ဆုံသွာတာပါဒါလေးမြင်တော့သတိ၇လို့ပါ
အသည်းရောင်အသားဝါ ဘီ ရောဂါဟာ ကူးစက်တတ်တဲ့ရောဂါ(Infectious Disease) ဖြစ်ပြီး အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ် (Hepatitis B Virus) ဆိုတဲ့ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပွားပါတယ်။ ကမ္ဘာ့လူဦးရေ ရဲ့သုံးပုံတစ်ပုံ - သန်းပေါင်း ၂ထောင်(2 Billions Population) ဟာ ဒီရောဂါပိုး ကူးစက် ဝင်ရောက်ခံရဖူး ပြီးတော့ အဲဒီထဲက သန်းပေါင်း၃၅၀(350 Millions) ဟာ လက်ရှိ ရောဂါပိုး သယ်ဆောင်သူတွေအနေနဲ့ရှိပါတယ်။ တရုတ်နဲ့အရှေ့တောင်အာရှဒေသဟာ ဒီရောဂါကူးစက်မှုနှုန်းမြင့်မားပြီး ဒီဒေသ နေ လူဦးရေ ထက်ဝက်ကျော်ဟာ အသည်းရောင်အသားဝါ ဘီ ပိုး ကူးစက်ဝင်ရောက်ခံရဖူးပြီး လူဦးရေရဲ့ ၈ရာခိုင်နှုန်းကျော်ဟာရောဂါပိုး သယ်ဆောင် ဖြန့်ဖြူးသူအနေနဲ့ရှိပါတယ်။ နှစ်စဉ် ကမ္ဘာအဝှမ်း လူ ၁သန်းဟာ အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ရောဂါ(Cirrhosis) နဲ့ အသည်းကင်ဆာရောဂါ(Hepatocellular Carcinoma) တွေကြောင့် အသက်ဆုံးရှုံး နေကြရပါတယ် ... တစ်နည်း ... ဒီဗိုင်းရပ်စ် ပိုးကြောင့် စက္ကန့် ၃၀တိုင်းမှာ လူတစ်ယောက်နှုန်း သေဆုံးနေကြရတာဖြစ်ပြီး အထူးသဖြင့် အာရှ၊ အာဖရိက နဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာပိုအဖြစ်များပါတယ်။
ဒီရောဂါဟာ မဖြစ်ခင် ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါ(Preventable Disease) ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အသည်းရောင် အသားဝါ ဘီ ရောဂါကာကွယ်နည်းများအနက်က အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေး(Hepatitis B Vaccine) နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အခြေခံကျတဲ့အချက်တွေကိုပဲ အဓိကထား ဆွေးနွေးသွားပါမယ်။
အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေးဆိုတာ
အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေး(Hepatitis B Vaccine) ဆိုတာ အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးရဲ့ အပြင်ဖက် ဆုံးအခွံရဲ့မျက်နှာပြင်မှာရှိတဲ့ ပဋိလှုံ့ပစ္စည်း ခေါ် ပရိုတင်းတစ်မျိုး(Hepatitis B Surface Protein or Hepatitis B Surface Antigen) ကို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်(Immune System) က မှတ်မိသိရှိအောင် ပြုလုပ်ပေးတဲ့ ထိုးဆေးပါ။ လက်မောင်း၊ ကလေးငယ်တွေမှာ ဆိုရင် ပေါင်မှာရှိတဲ့ ကြွက်သားထဲကို(Intramuscular Injection) ထိုးရပါတယ်။
လက်ရှိအသုံးပြုနေတဲ့ အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေး (၂)မျိုးရှိပါတယ်။ · ပထမတစ်မျိုးက မျိုးရိုးဗီဇနည်းပညာနဲ့ဖန်တီးထားတဲ့ကာကွယ်ဆေး(Recombinant or Genetically Engineered Vaccines) ပါ။ တစေး(Yeast) ဒါမှမဟုတ် နို့တိုက်သတ္တဝါတွေရဲ့ဆဲလ်(Mammalian Cells) ထဲမှာ အသည်းရောင်အသားဝါ ဘီဗိုင်းရပ်စ်ရဲ့ ပဋိပစ္စည်း မျိုးဗီဇ(HBs Antigen Gene) ကို ထည့်သွင်းပြီး မျိုးဗီဇနည်းပညာနဲ့ ပွားများထားတာပါ။ · ဒုတိယတစ်မျိုးကတော့ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံထားရတဲ့လူတွေရဲ့ သွေးရည်ကြည်ကို ထုတ်ယူသန့်စင်ထားတဲ့ ကာကွယ်ဆေး(Plasma-derived Vaccines) ပါ။
ပထမအမျိုးအစားကာကွယ်ဆေးကို ပိုပြီးအသုံးများပါတယ်။
ဘယ်လိုကာကွယ်သလဲ
အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်(Hepatitis B Virus) ရဲ့ အပြင်ဖက်ဆုံးမျက်နှာပြင် မှာရှိတဲ့ ပဋိလှုံ့ပစ္စည်း(Hepatitis B Surface Antigen or HBsAg) ဖြစ်တဲ့ ပရိုတင်းကို လူကို ဒုက္ခမပေးနိုင်အောင် နည်းမျိုးစုံနဲ့ ဖန်တီး ပြုပြင် ပြီးထုတ်လုပ်ထားတဲ့ကာကွယ်ဆေးကို ခန္ဓာကိုယ်ထဲထိုးသွင်းလိုက်တဲ့အခါ လူ့ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်မှုစနစ်က အဲဒီပရိုတင်းကိုမှတ်မိသိရှိသွားပါတယ်။ ခန္ဓာကိုယ်ထဲမှာ
အစကတည်းက သဘာဝအလျောက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာတဲ့ ပစ္စည်းကိုတိုက်ထုတ်ဖို့ လူ့ခန္ဓာကိုယ်ကနေ သူနဲ့သင့်တော်ရာ ပဋိပစ္စည်း(Antibody) လို့ခေါ်တဲ့ ပရိုတင်းတွေကိုထုတ်ပေးပါတယ်။ အဲဒီ ပဋိပစ္စည်းတွေဟာ ခုနကကျူးကျော်လာတဲ့ ပြင်ပကပစ္စည်း (Antigen) တွေကို ပူးကပ်ဖျက်ဆီးပစ်ပါတယ်။ ဖျက်ဆီးပစ်စရာရောဂါပိုးတွေ မရှိတော့တဲ့နောက်မှာလည်း ကိုယ်ခံစွမ်းအားပဋိပစ္စည်းတွေဟာ သွေးကြောထဲမှာ ဆက်လက်ပြီး ရှိနေကြ ပါတယ်။ အဲဒါကြောင့် အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုး ဝင်ရောက်ဖူးတဲ့သူတွေမှာ ရောဂါပိုးလုံးဝပျောက်ကင်းသွားပေမယ့် သွေးစစ်ကြည့် လိုက်ရင် HBs Antibody ကတော့ ဆက်လက်ရှိနေတာပါ။
ကာကွယ်ဆေးထိုးထားတဲ့သူတွေနဲ့ ပထမတစ်ကြိမ်ရောဂါပိုးဝင်ရောက်ပြီး ပျောက်ကင်းသွားတဲ့သူတွေမှာ နောက်တစ်ခါ အဲဒီ ပဋိလှုံ့ ပစ္စည်း(Antigen) နဲ့ အလားသဏ္ဍန်တူတဲ့အရာတွေ (ဥပမာ။ ။အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုး) ဝင်ရောက်လာတဲ့အခါ ကိုယ်ခံ စွမ်းအားစနစ်က ချက်ချင်းမှတ်မိသိရှိနေတဲ့အတွက် ကျူးကျော်လာတဲ့ ရန်သူတွေကို တိုက်ထုတ်ဖို့ ယခင်တစ်ခါကထုတ်ဖူးပြီးသား ပဋိပစ္စည်းတွေကို ချက်ချင်းထုတ်ပေးပါတယ်။ ထွက်လာတဲ့ ပဋိပစ္စည်း(Antibody) တွေရဲ့ တိုက်ခိုက် ဖျက်ဆီးမှု(Antigen-antibody Reactions) ကြောင့် ဗိုင်းရပ်စ်ပိုးတွေ သေကြေပျက်စီးကုန်ပြီး အသည်းရောင်အသားဝါ ဘီ ရောဂါဖြစ်တဲ့အဆင့်ကို မရောက် နိုင် တော့ ပါဘူး။ သွေးထဲမှာရှိတဲ့ ပဋိပစ္စည်းတွေဟာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ တဖြည်းဖြည်းနည်းပါးသွားပါတယ်။ ဒါပေမယ့်ကိုယ်ခံစွမ်းအား စနစ်(Immune System) ကတော့ ရောဂါပိုးကို ဆက်လက်မှတ်မိသိရှိနေပြီး နောက်တစ်ခါရောဂါပိုးဝင်ရောက်လာရင် လိုအပ်တဲ့ ပဋိပစ္စည်းတွေ ထပ်မံထုတ်ပေးဖို့ အသင့်ဖြစ်နေပါတယ်။
ဘယ်လိုအချိန်အပိုင်းအခြားမှာ ထိုးမလဲ
ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ အသည်းရောင်အသားဝါ ဘီရောဂါပိုး ရှိ/မရှိကို တတ်နိုင်သမျှ စောစွာ စစ်ဆေးမှုခံယူရပါမယ်။ အသည်းရောင်အသားဝါ - ဘီ ကာကွယ်ဆေးကို ...
* အသည်းရောင်အသားဝါဘီပိုး ရှိသူ မိခင် ကမွေးတဲ့ မွေးကာစကလေးတွေမှာ
ပထမအကြိမ် - မွေးပြီး ၁၂နာရီအတွင်းမှာ အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေးထိုးပေးရပါမယ်။ အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေး အပြင် အသည်းရောင်အသားဝါ ဘီ ရောဂါ ကိုယ်ခံအားပရိုတင်း(Hepatitis B Immunoglobulin - HBIg) ကိုပါ မွေးစကနေ ၁၂နာရီအတွင်း ထိုးပေးဖို့လိုအပ်ပါတယ်။ ဒုတိယအကြိမ် - ၁လ မှ ၂ လသား တတိယအကြိမ် - ၆လသား မွေးဖွားစကိုယ်အလေးချိန် ၂၀၀၀ ဂရမ်(Birth Weight < 2000g) အောက်နည်းတဲ့ ကလေးတွေ အတွက် မွေးမွေးချင်း ၁၂နာရီအတွင်း ထိုးတဲ့ ပထမဆုံးကာကွယ်ဆေးကို ထည့်သွင်းမတွက်ချက်ဘဲ ကလေး ၁လသားအရွယ်မှစပြီး နောက်ထပ်ကာကွယ်ဆေး ၃ကြိမ် (စုစုပေါင်း ၄ကြိမ်) ထပ်မံထိုးပေးဖို့လိုအပ်ပါတယ်။ ကလေးအသက် ၉လသားနောက်ပိုင်း(၉လကနေ ၁၈လသားအရွယ်) မှာ ကလေးမှာ အသည်းရောင် အသားဝါ ဘီ ရောဂါပိုး ကူးစက်မှု ရှိ/မရှိစစ်ဆေးရပါမယ်။ အဲလိုစစ်ဆေးတဲ့အခါ သွေးထဲမှာအသည်းရောင် အသားဝါ ဘီ ရောဂါပိုး(HBs Ag) မတွေ့ရှိဘဲ၊ အသည်းရောင် အသားဝါပိုးကာကွယ်စွမ်းအား(Anti-HBs Level) 10 mIU/ml နဲ့အထက်ရှိတဲ့ကလေးတွေဟာ ကာကွယ်မှု စွမ်းအားပြည့် ရရှိပြီး ဖြစ် ပါတယ်။ ရောဂါပိုးမတွေ့ရှိပေမယ့် အသည်းရောင်အသားဝါ ဘီ ရောဂါ ကာကွယ်စွမ်းအား 10 mIU/ml ထက်နည်းတဲ့ကလေးတွေကိုတော့ ကာကွယ်ဆေး နောက်ထပ် ၃ကြိမ်ထပ်မံထိုးပေးဖို့လိုအပ်ပါတယ်။ ဒီတိုင်းလိုက်နာဆောင်ရွက်ပါကမိခင်မှကလေးသို့ ရောဂါကူးစက်မှုကို ၈၅ ကနေ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်တားဆီးနိုင် ပါတယ်။
* အသည်းရောင်အသားဝါဘီပိုး မရှိသူ မိခင် ကမွေးတဲ့ မွေးကာစကလေးတွေမှာ
ပထမအကြိမ် - မွေးစကနေ ၂လအတွင်း ဒုတိယအကြိမ် - ၁လ မှ ၄ လသား တတိယအကြိမ် - ၆လ မှ ၁နှစ်ခွဲ
* အသည်းရောင်အသားဝါဘီပိုး ရှိ/မရှိ မသိသူ(မစစ်ဆေးရသေးသူ) မိခင် ကမွေးတဲ့ မွေးကာစကလေးတွေမှာ
အသည်းရောင်အသားဝါဘီပိုး ရှိသူ မိခင်ကမွေးလာတဲ့ မွေးကာစကလေးတွေမှာအတိုင်းပဲ မွေးပြီး ၁၂နာရီ အတွင်း အသည်းရောင် အသားဝါ ဘီ ရောဂါကာကွယ်ဆေး ထိုးပေးရပါမယ်။ အသည်းရောင်အသားဝါ ဘီ ရောဂါကိုယ်ခံအားပရိုတင်း(HBIg) ကိုတော့ ထိုး4ပး ဖို့ မလိုအပ်ပါဘူး။ တစ်ချိန်တည်းမှာပဲ မိခင်ကို အသည်းရောင်အသားဝါ ဘီ ပိုး ရှိ/မရှိ တတ်နိုင်သမျှစောစွာစစ်ဆေးရပါမယ်။ မိခင်မှာ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ကလလေးအသက် ၇ရက်သားထက်မကျော်သေးပါက အသည်းရောင်အသားဝါ ဘီ ရောဂါကိုယ်ခံအား ပရိုတင်း (HBIg)ထိုးနှံပေးရပါမယ်။ အဲဒီနောက် အသည်းရောင်အသားဝါ ဘီပိုး ရှိသူ မိခင်ကမွေးတဲ့ မွေးကာစကလေးတွေမှာလိုပဲ ဆက်လက် လုပ်ဆောင်ရပါမယ်။ မိခင်မှာ ရောဂါပိုး မတွေ့ရှိခဲ့ရင်တော့ အသည်းရောင်အသားဝါဘီပိုး မရှိသူ မိခင် ကမွေးတဲ့ မွေးကာစကလေးတွေ မှာလိုပဲ ကာကွယ်ဆေး အကြိမ်အရေအတွက်ပြည့်အောင် ဆက်လက်ထိုးနှံရပါမယ်။
* မွေးကာစမှာ ကာကွယ်ဆေးမထိုးခဲ့ရတဲ့ ကလေး၊ လူငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ
ပထမအကြိမ် - မည်သည့်အချိန်မဆို စထိုးနိုင်ပါတယ် ဒုတိယအကြိမ် - ပထမအကြိမ်ထိုးအပြီး ၁လ မှ ၂လအကြာ တတိယအကြိမ် - ပထမအကြိမ်ထိုးအပြီး ၄လ မှ ၆လအကြာ
* မည်သည့်အသက်အရွယ်မှာမဆို
ဒုတိယအကြိမ်ကာကွယ်ဆေးထိုးတဲ့ရက်နဲ့ ပထမအကြိမ်ကာကွယ်ဆေးထို4တဲ့ရက်ဟာ အနည်းဆုံး ၁လခြားရပါမယ်။ တတိယအကြိမ် ကာကွယ်ဆေးဟာ ပထမအကြိမ်ကာကွယ်ဆေးထိုးတဲ့ရက်နဲ့ အနည်းဆုံး ၂လ၊ ဒုတိယအကြိမ်ကာကွယ်ဆေးနဲ့ အနည်းဆုံး၎လ ခြားပြီး မှ ထိုးရပါမယ်။ တတိယအကြိမ်ကာကွယ်ဆေးကို ၆လသားအောက်ကလေးတွေမှာ မထိုးပေးသင့်ပါဘူး။ အသက်၆လ ပြည့်ပြီးတဲ့နောက် မှသာ ထိုးပေးရပါမယ်။ အသက် ၁၁နှစ် ကနေ ၁၅နှစ်ကြားလူငယ်တွေမှာတော့ ကာကွယ်ဆေး ၃ကြိမ်ထိုးရမယ့်အစား တစ်ကြိမ်နဲ့တစ်ကြိမ် ၄လကနေ ၆လ ခြားပြီး စုစုပေါင်း ကာကွယ်ဆေး၂ကြိမ်ထိုးရင်လုံလောက်ပြီ လို့ဆိုထားပေမယ့် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့အရင် တိ4င်ပင် ဆွေးနွေး သင့် ပါတယ်။
ရောဂါကာကွယ်စွမ်းအား
ကာကွယ်ဆေး ၃ကြိမ်ထိုးပြီး ၁လကနေ ၄လကြာပြီးတဲ့အခါ အသည်းရောင် အသားဝါဘီပိုး ကာကွယ်နိုင်စွမ်းအား(Anti-HBs Level) ကို သွေးဖောက်စစ်ဆေးရပါမယ်။ · အသည်းရောင်အသားဝါ ဘီ ကိုယ်ခံစွမ်းအား 10mIU/ml အထက်ရှိပါက ကာကွယ်စွမ်းအားအပြည့်အဝ (Adequate Response) ရပြီလို့သတ်မှတ်နိုင်ပါတယ်။ အဲလိုလူတွေမှာ စွမ်းအားမြှင့်ကာကွယ်ဆေး(Booster Dose) ထပ်ထိုးစရာမလိုပါဘူး။ ပထမ၃ကြိမ် ထိုးတာနဲ့တင်လုံလောက်ပါတယ်။ အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး ထိုးပြီးသူ ၈၅ ကနေ ၉၀ ရာခိုင်နှုန်းဟာ ကာကွယ် စွမ်းအားပြည့် ရရှိတတ်ပါတယ်။ · ရောဂါကာကွယ်စွမ်းအား 0mIU/ml နဲ့ 10mIU/ml အတွင်းရှိတဲ့သူတွေ(Hypo-responders) ကိုတော့ စွမ်းအားမြှင့် ကာကွယ် ဆေး(Booster Dose) တစ်ကြိမ်ထပ်မံထိုးပေးရပါမယ်။
· ရောဂါကာကွယ်စွမ်းအား
စမ်းသပ်နိုင်တဲ့ပမာဏထက်နည်းသူများ(
သတိထားသင့်တဲ့သူတွေ
ပြင်းထန်စွာဖျားနာနေသူတွေ၊ ဓာတ်မတည့်မှု(Allergic Reaction) အထူးသဖြင့် မုန့်ဖုတ်ရာမှာသုံးတဲ့ တစေး(Baker's Yeast) နဲ့ ဓာတ်မတည့်မှုရှိတဲ့သူတွေ၊ ပထမအကြိမ် အသည်းရောင်အသားဝါ ဘီ ပိုးကာကွယ်ဆေးထိုးပြီးနောက် ပြင်းထန်တဲ့ ဓာတ်မတည့်မှု ဖြစ်ပွားဖူးတဲ့သူတွေမှာ ကာကွယ်ဆေး မထိုးသင့်ပါဘူး။ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရောဂါပိုးနှင့်ထိတွေ့ပြီးနောက်ကာကွယ်ခြင်း(Postexposure Prophylaxis)
အသည်းရောင်အသားဝါ ဘီ ရောဂါပိုးဟာ ရောဂါပိုးကူးစက်ခံထားရသူရဲ့ လူ့ခန္ဓာကိုယ်မှထွက်တဲ့အရည်များ(သွေး၊ တံတွေး၊ သုက် နှင့် လိင်အင်္ဂါမှထွက်သောအရည်များ) မှာပါဝင်နေပြီး ရောဂါပိုးရှိသောသွေးနှင့် ဆက်စပ်ပစ္စည်းများ(သွေးရည်ကြည်၊ သွေးနီဥ စသ4်) ကိုသွင်းမိခြင်း၊ဓား၊ ဆေးထိုးအပ်ကဲ့သို့ ချွန်ထက်ပြီး အရေပြားကိုပြဲရှစေနိုင်သောအရာများ၊ လိင်ဆက်ဆံမှု၊ ကြမ်းတမ်းသောနမ်းရှုတ်မှု၊ မုတ်ဆိတ်ရိတ်တံ၊ သွားတိုက်တံများကိုဝေမျှသုံးစွဲမှုတို့မှတစ်ဆင့်ကူးစက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်ကနေ သန္ဓေသား သို့လည်း ကူးစက်နိုင်ပါတယ်။ ဆေးဝန်ထမ်းများမှာလည်း ရောဂါပိုးရှိသူကိုထိုးထားသော ဆေးထိုးအပ်စူးမိတာ(Needle Prick Injury) ၊ ခွဲစိတ်ခန်း မှာ ဓားရှမိတာ၊ လူနာမှထွက်သောသွေး မျက်စိထဲဝင်တာ ကနေလည်း ကူးစက်နိုင် ပါတယ်။အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုး ရဲ့ ကူးစက်နိုင်မှု ဟာ ခုခံအားကျဆင်းမှု ကူးစ4်ရောဂါ(HIV) ဗိုင်းရပ်စ်ထက် အဆ ၁၀၀ပိုမိုအားကောင်းပါတယ်။ အကယ်၍ အသည်းရောင်အသားဝါ ဘီ ပိုးပါသောသွေးသွင်းမိရင်ဖြစ်စေ၊ အသည်းရောင်အသားဝါ ဘီ ပိုး ရှိသူ အသုံးပြုပြီးသား ဆေးထိုး အပ်၊ မုတ်ဆိတ်ရိတ်ဓား အစရှိတဲ့အသုံးအဆောင်တို့ကိုသုံးမိခဲ့ရင်ဖြစ်စေ၊ ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့ရင်ဖြစ်စေ အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရပါမယ်။ ·
ယခင်က ကာကွယ်ဆေးမထိုးခဲ့ဖူးပါက - အသည်းရောင်အသားဝါ ဘီ ရောဂါကိုယ်ခံအားပရိုတင်း(HBIg) တစ်ကြိမ်ထိုးနှံရပါမယ်။ အဲဒီေ4ာက် အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ်ဆေး(Hepatitis B Vaccine)ကိုအကြိမ်ပြည့်ထိုးနှံရပါမယ်။ · ယခင်က ကာကွယ်ဆေးထိုးခဲ့ဖူးပြီး သတ်မှတ်ကိုယ်ခံစွမ်းအားပမာဏအပြည့်အဝ(Anti-HBs Ab Level 10mIU/ml & Above) ရရှိပြီးသူဖြစ်က - ဘာမှလုပ်ဆောင်ဖို့မလိုအပ်ပါဘူး။
· ယခင်က ကာကွယ်ဆေးတစ်ကြိမ်ထိုးခဲ့ဖူးပြီး သတ်မှတ်ကိုယ်ခံစွမ်းအားပမာဏအပြည့်အဝမရရှိခဲ့သူဖြစ်ပါက - အသည်းရောင် အသားဝါ ဘီ ရောဂါကိုယ်ခံအားပရိုတင်း(HBIg) တစ်ကြိမ်ထိုးနှံရပါမယ်။ အဲဒီနောက် အသည်းရောင်အသားဝါ ဘီ ရောဂါကာကွယ် ဆေး(Hepatitis B Vaccine)ကိုအကြိမ်4ပည့် ထပ်မံထိုးနှံရပါမယ်။
· ယခင်က ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခဲ့ဖူးပြီး သတ်မှတ်ကိုယ်ခံစွမ်းအားပမာဏ အပြည့်အဝမရရှိခဲ့သူဖြစ်ပါက - အသည်းရောင် အသားဝါ ဘီ ရောဂါကိုယ်ခံအားပရိုတင်း(HBIg) နှစ်ကြိမ်ထိုးနှံရပါမယ်။
· အကယ်၍ ယခင်ကကာကွယ်ဆေးထိုးခဲ့ဖူးပြီး ကာကွယ်စွမ်းအားပမာဏကိုမသိပါက - Anti-HBs Ab Level ကိုထပ်မံစစ်ဆေးပြီး 10mIU/ml ထက်နည်းနေပါက HBIg တစ်ကြိမ်နဲ့ စွမ်းအားမြှင့်ကာကွယ်ဆေး(Booster Dose) ထပ်မံထိုးပေးရပါမယ်။
ဘယ်လောက်ကြာကြာကာကွယ်နိုင်သလဲ
အသည်းရောင်အသားဝါရောဂါကာကွယ်ဆေး အပြည့်အဝ တစ်ကြိမ်ထိုးနှံပြီးရင် အနည်းဆုံး ၅နှစ်ကနေ ၇နှစ်အထိ ရောဂါကာကွယ်နိုင် တယ်လို့ အရင်ကလက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းတွေ့ရှိချက်များအရ ပထမတစ်ကြိမ်မှာ ရောဂါကာကွယ်စွမ်းအား အပြည့် အဝ(Adequate Response) ရခဲ့ပြီးသူများ(Anti-HBs Ab 10mIU/ml & Above) မှာ ရောဂါကာကွယ်စွမ်းအား(Anti-HBs Antibody) ဟာ ၁၂နှစ်ကနေ ၂၅နှစ်အထိ ဆက်လက်ရှိနေပြီး အဲဒီနောက်ပိုင်းမှာလည်း သွေးထဲမှာရှိတဲ့ ရောဂါကာကွယ်စွမ်းအားပမာဏ (Anti-HBs Ab Level) ဟာ တဖြည်းဖြည်း စမ်းသပ်လို့မရတဲ့ပမာဏအထိနည်းပါးသွားပေမယ့် ကိုယ်4ံစွမ်းအားစနစ်ကတော့ ရောဂါပိုးတွေကို ဆက်လက်မှတ်မိသိရှိနေပြီး နောက်တစ်ကြိမ် ရောဂါပိုးတွေ ဝင်ရောက်လာပါက လိုအပ်တဲ့ပဋိပစ္စည်းတွေကို ထုတ်ပေးဖို့အသင့်ဖြစ်နေ တဲ့အတွက်ကြောင့် နောက်ထပ် ရောဂါကာကွယ်စွမ်းအားပမာဏထပ်မံစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းပြုလုပ်ဖို့မလိုအပ်ပါဘူး။
(Ref: Division of Viral Hepatitis, National Center for Infectious Diseases, Centers for Disease Control and Prevention, Atlanta, GA)
ကျန်းမာရေးဝန်ထမ်းများ ကဲ့သို့ ရောဂါပိုးနဲ့ထိတွေ့ဖို့ အခွင့်အလမ်းများသူတွေကိုတော့ ပထမတစ်ကြိမ်ထိုးပြီး ၅နှစ်အကြာမှာ စွမ်းအား မြှင့်ကာကွယ်ဆေး(Booster Dose) တစ်ကြိမ်4ပ်မံထိုးဖို့ ညွှန်ကြားထားပါတယ်။
ကာကွယ်ဆေး၏ဘေးထွက်ဆိုးကျိုးများ
* ကာကွယ်ဆေးထိုးသောနေရာတစ်ဝိုက်နာကျင်ရောင်ရမ်းခြင်း
* ဝမ်းလျှောဝမ်းပျက်ခြင်း
* လည်ချောင်းနာပြီး တုပ်ကွေးဖျားကဲ့သို့ဖျားနာခြင်း
* ပြင်းထန်သော ဓာတ်မတည့်ခြင်း(ဒါကတော့ ဖြစ်ပွားမှု အလွန်နည်းပါးပါတယ်)။

အာရောဂျံ ပရမံ လာဘံ ... ကျန်းမာသုခ ပြည့်ဝကြပါစေ။
ဒေါက်တာ ပြည့်ဖြိုးအောင်(၁၁.၄.၂၀၁၀)

No comments: